ကမ္ဘာကြီးဖျားနာနေတာ ကြာလှပြီ။
ကုသပေးဖို့အတွက် လူထု တရပ်လုံးပါဝင် တောင်းဆိုခဲ့ရင်တောင် အစိုးရနဲ့ အုပ်ချုပ်သူတို့က ဂရုပြုမယ် မထင်ဘူး။
ဂရုလည်း မစိုက်ခဲ့တာ ခုအချိန်ထိပါပဲ။
နိုင်ငံဘယ်နှစ်ခုက တော့ လက်မှတ်ရေးထိုးလိုက်ပါပြီ ဆိုတဲ့ သတင်းတွေဟာ ရီစရာကောင်းနေဆဲ။
အပူရှိန်တက်နေတာတွေက ရောဂါ အရင်းခံရဲ့ လက္ခဏာ တွေဖြစ်တယ်။ ရောဂါအရင်းခံကို မကုဘဲ ဖျားနေလို့ ပါရာစီတမော့ သောက်ပါလို့ ပြောနေတဲ့ အိမ်ကအမေလိုပဲ ဖြစ်နေပြီ။ အမေတွေ၊အဖွါးတွေက ဆေးတွေအကြောင်း ဆရာဝန်နီးပါး သိနေကြပြီလေ။
ဘာပဲ ဖြစ်ဖြစ် ပါရာစီတမော့သောက်ဖို့သာ ပြောနေကြတော့တယ်။
ကမ္ဘာကြီး ပျက်တော့မယ်ဆို့တဲ့ သတင်းဟာ လူတွေအတွက် ယုံချင်စရာ မကောင်းတဲ့ အတင်းအဖျင်း တစ်ခုသာသာပါပဲ။
တတိယကမ္ဘာစစ်ကြီး စပြီ ဆိုတဲ့ သတင်းကတော့ စိတ်လှုပ်ရှားစရာ ပိုကောင်းနေတယ်။
လူသား မျိုးနွယ်စု ဟာ လူသားမျိုးနွယ်စု အပေါ်မှာ သစ္စာဖောက်မှန်းမသိ သစ္စာဖောက်နေကြတယ်။
လူသားမျိုးနွယ်စု အချင်းချင်း ဖိနှိပ်ကြဖို့ နဲ့ ပျက်ဆီးကြဖို့ အတွက်ကို လူသားတို့က ပုံမှန်သိစိတ်တစ်ခု ကပ်စရာ မလိုအောင်ပဲ အလိုလို လုပ်နေကြတယ်။
ဟုတ်တယ် ကမ္ဘာကြီး ပျက်ဆီးတော့မယ်ဆိုတဲ့ သတင်းဟာ အတင်းအဖျင်းထက်မပိုသော အကြောင်းမှာ ဘယ်လိုပျက်မလဲ ဆိုတာ ကို မတွေးထင်ကြလို့ပဲ။
ကမ္ဘာဂြိုလ်ကြီးက ကြယ်တလုံး အစိတ်စိတ်အမွှာမွှာ ကွဲကြွေသလို ဖြစ်လာမှာတော့ မဟုတ်ဘူး။
ရာသီဥတုတွေဆိုးလာမယ်။
ဒါက အကြောင်းပြချက်ထဲ အကြီးဆုံး အချက်ပဲ။
လူသားမျိုးနွယ်တို့ မှီခိုနေထိုင်ရာ ကမ္ဘာကြီးက လူသားမျိုးနွယ်တွေ တင်မက အတူတူယှဉ်တွဲနေထိုင်နေတဲ့ သဘာဝ ဇီဝကမ္မနယ်ပယ်ကြီးတစ်ခုလုံးကို ကမောက်တိမမောက်ချာ ဖြစ်စေတော့မှာ။
အလုံးစုံ မျိုးတုန်းမလားဆိုတာတော့ မသေချာဘူးပေါ့လေ။
ဒါပေမယ့် တစ်ခုထည်းသော ဤကမ္ဘာကြီး၊ လူသားမျိုးနွယ် မှီခိုနေထိုင်နေတဲ့ ဤကမ္ဘာကြီးက လူသားမျိုးနွယ်အတွက် မှီခိုနေထိုင်လို့ မရတော့တဲ့ အထိ ဖြစ်လာခဲ့ရင် ဒါဟာ ဘယ်ဘုရားမှ လုပ်တာမဟုတ်ဘဲ လူသားမျိုးနွယ် သူ့အချင်းချင်း သစ္စာဖောက်နေကြလို့ပါပဲ။
မှန်တယ်။
ကမ္ဘာပျက်ဖို့ဆိုတာ ကို တွေးထင်ပြီး ကြောက်နေရတာ အပို အလုပ်တစ်ခုပဲ။
ခုလို လက်ရှိအချိန်ကာလမှာ ဒီဒေသက လူသားတို့ အတွက် ပိုပြီး စိတ်ခြောက်ခြား ကြောက်စရာက အာဏာရှင် ဖိနှိပ်သူ နဲ့ စစ်ပွဲတွေပဲ။
စစ်ပွဲတွေဟာ ပိုပြီး စိတ်လှုပ်ရှား ခြောက်လန့်နိုင်ကြတယ်။
လက်တွေ့ဖြစ်နေကြလို့ပဲ။
ဒီတော့ တတိယကမ္ဘာစစ်ကြီး ဆိုတာကို ပိုပြီး ထိတ်လန့်ကြရတယ်။
လူတွေဟာ ပစ္စုပ္ပါန်မှာ တည့်တည့်မနေနိုင်ကြဘူး လို့ ဆိုနေပေမယ့် Pandemic ဖြစ်ပြီးကတည်းက လူတွေဟာ ပစ္စုပ္ပါန်မှာ နေနိုင်ကြဖို့ပဲ ဖြစ်လာတယ်။
ပစ္စုပ္ပါန်လက်ရှိ အချိန်ကလေးမှာပဲ ချစ်ခင် မြတ်နိုးသူတွေနဲ့ အတူတူရှိကြမယ်ဆို့တဲ့ စိတ်တွေဟာ မွေးဖွါးလာရပြီ။
လူသားမျိုးနွယ်ဟာ အချင်းချင်းသစ္စာဖောက်နေပြီးဖြစ်တယ်။
ပစ္စုပ္ပါန်မှာပဲ ရှင်သန်ကျန်ရစ်အောင် ကြိုးစားနေကြပြီး ဖြစ်တယ်။
ဒါပေမယ့်လည်း ရှင်သန်ကျစ်ရစ်သူတို့က ဘယ်လောက်ရွံစရာကောင်းသလဲ ဆိုတာကို လက်ရှိအချိန်မှာလည်း သိနေကြတာပဲ။
နောင်အနာဂါတ်မှာလည်း သိကြမှာပဲ။
ရှင်သန်ကျစ်ရစ်လိုတဲ့စိတ်ဟာ စိတ်တစ်ခု မဟုတ်ဘဲ ဆဲလ်တွေရဲ့ အခြေခံသဘာဝ ဖြစ်နေတာကြောင့်ပဲလား။
လူသားမျိုးနွယ်ဟာ အချင်းချင်းသစ္စာဖောက်နေတယ်လို့ ဆိုခဲ့ပေမယ့် တကယ်တမ်းမှာ လူသားတွေဟာ အချင်းချင်း ယှဉ်တွဲနေထိုင်ကြချိန်မှာ တွေးထင်လို့ မရနိုင်တဲ့ အကောင်းဆုံးသော အရာတွေကို လုပ်နိုင်တယ်။
ဘာလို့ လူသားတွေ ဒီကမ္ဘာကြီးမှာ ခုအချိန်ထိကြီးစိုးထားနိုင်သလဲ ဆိုတာ အဖြေတစ်ခုပဲ။
ဒါပေမယ့် အုပ်ချုပ်သူလူတန်းစားတစ်ရပ်နဲ့ စနစ်တွေကတော့ ထာဝရသေဆုံးခြင်း၊မျိုးတုန်းပျောက်ကွယ်ခြင်း လမ်းစဉ်ကို ခေါ်ဆောင်နေလေတယ်။
ဒီစနစ်တွေကို လူသားတွေပဲ လုပ်တာ မှန်ပေမယ့် We are 99%! ဆိုတဲ့ စကားလိုပဲ။
ငါတို့ဟာ ၉၉ ရာခိုင်နှုန်း ရှိတယ်။
လက်တစ်ဆုပ်စာ လူတန်းစားတွေရဲ့ လူသားမျိုးနွယ်အပေါ်သစ္စာဖောက်ပြီး ဖိနှိပ်ချယ်လှယ်နေတာတွေကို သိသင့်ပြီ။
ပြန်လည် တွန်းလှန်သင့်နေပြီ။။
ဒီဒေသ လူတွေအတွက်ကတော့ ပထမဆုံး ဖက်ဆစ်စိတ်တွေနဲ့ ဖိနှိပ်နေသူတွေကို အရင်တွန်းလှန်ဖို့သာ ပထမ အရေးကြီးဆုံးလမ်းကြောင်းဖြစ်နေတယ်။
ဒါပေမယ့် ကမ္ဘာကြီး ဖျားနာနေပြီ။
လူသားတို့ အချင်းချင်း လူသားမျိုးနွယ်အပေါ်သစ္စာဖောက်နေကြပြီ။
We are 99%!
ဒါလေးကို နှလုံးသွင်းဖို့ပဲ လိုပါတော့တယ်။
Comments