စိတ်ပညာ ၄ - သိစိတ်တွေရဲ့ အကြောင်း (အိပ် နေချိန်မှာ ပုံမှန် သိစိတ်ရှိနေလား မရှိဘူးလား)
သိစိတ် ဆိုတာ ဘာလဲ လို့ အဓိပ္ပါယ် ဖွင့်ရရင် တစ်ကျောင်း တစ်ပါဒဖြစ်နေလို့တိကျတဲ့ ဖွင့်ဆိုချက်မရှိသေးပါဘူး။
ဒီစာမှာတော့ သိစိတ် ကို ကိုယ့်ကိုကိုယ် သိစိတ်၊ ကိုယ့် ပတ်ဝန်းကျင်ကို သိနေတဲ့ စိတ်လို့ပဲရိုးရိုးလေး အဓိပ္ပါယ် ဖွင့်ပါရစေ။
ဆစ်ဂမွန် ဖရိုက် ကြီး ပြောခဲ့တဲ့ မသိစိတ်တွေ က ပိုများတယ် ဆိုတာ ဒီနေ့ခေတ် လက်တွေ့စိတ်ပညာ(Clinical Psychology) မှာလည်း မသိစိတ်ကလူတွေကို လွှမ်းမိုးနေတယ် ဆိုတာ လက်ခံထားပြီး ဖြစ်ပါတယ်။
ပါမောက္ခ ဘလွန်း က (Professor Bloom from University of Yale) က ဘာပြောလဲဆိုတော့ သိစိတ် ကဘာလဲလို့ မေးခွန်း ထုတ်တာထက် ဘာလို့ မသိစိတ်တွေထဲကနေ ဒီနည်းနည်းလေး သိတဲ့စိတ်က ဖြစ်နေရတာလဲ လို့မေးခွန်း ထုတ်သင့်တယ် လို့ ဝေဖန် မှုပြုခဲ့တယ်။
ဟုတ်ပါတယ်။ ဒီခန္ဓာကိုယ်ကို မောင်းနှင်နေတဲ့ မသိစိတ်တွေထဲ မှာ ဘာလို့ သိစိတ် နည်းနည်းလေးက ဖြစ်နေ ရတာလဲ ဆိုတာ ပိုကောင်းတဲ့ မေးခွန်းပါ။
ဒီလောက်ခက်ခက်ခဲခဲ လေ့လာနေရတဲ့ သိစိတ်ရဲ့ သဘောကို နားလည်သလောက်လေး ရေးပြပေးချင်ပါတယ်။
အမေရိကန် စိတ်ပညာရှင် William James က
“သိစိတ် ဆိုတာ အစဉ်မပျက် စီးဆင်းနေတဲ့ ရေတံခွန်လိုပဲ။ ထာဝရမပြောင်းလဲဘဲ တည်ရှိနေတဲ့အရာ”လို့ အဓိပ္ပါယ် ဖွင့်ဆိုထားတယ်။
ကျွန်တော်တို့ သိစိတ်ဆိုတာ အတိတ်က ရထားတဲ့ အချက်အလက်တွေကို မှုတည် ပြီး ရှေ့မှာဘာဖြစ်မယ်ဆိုတာ တစ်ချိန်လုံး ခန့်မှန်းချက် ထုတ်နေတဲ့ စိတ်ပါ။
ခေါင်းထဲမှာရှိနေတဲ့ အားတစ်ခုလို့တောင် ပြောလို့ရပါတယ်။
သိစိတ် အခြေအနေ
ကျွန်တော်တို့က နိုးကြားနေတဲ့ အချိန်၊ အိပ်နေတဲ့ အချိန်၊ အိပ်မက် မက်နေတဲ့အချိန်၊ မူးယစ်ဆေးသုံးထားတဲ့ အချိန် သိစိတ် အခြေအနေတွေကို လေ့လာ ကြည့်ကြပါမယ်။
ပထမဆုံး “နိုးကြား” နေတယ်ဆိုတာ ဘာကို ပြောချင်တာလဲ။
ခေတ်တစ်လျှေောက်လုံး သိပ္ပံပညာရှင်တွေက စိတ်အကြောင်းကို လေ့လာရင်း ဦးနှောက်ကို Scan ဖတ်ပြီး ရလာတဲ့ အဖြေတွေကနေ အဓိပ္ပါယ် ဖွင့်နေကြပါတယ်။
PET scan, MRI scan တွေကရတဲ့ အချက်အလက်တွေကို ကြည့်ပြီး စိတ်အခြေအနေတွေကို ခန့်မှန်း ကြပါတယ်။
ဒီလေ့လာမှုတွေ ကသိရတဲ့ အကြောင်းအရာတွေထဲက တစ်ခုကတော့ စိတ်ဆိုတာ တစ်ခုထဲ မဖြစ်ပါဘူး ။
(ဒီမှာ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ အတွေးနဲ့တော့ လွဲနေမှာပါ)
သိစိတ် က Dual-processing လုပ်နေပါတယ်။ နှစ်မျိုး ဖြစ်နေတယ်လို့ ဆိုချင်တာပါ ။
သိစိတ် နဲ့ မသိစိတ် တွေရဲ့ စဉ်ဆက်မပျက် သတင်းအပြန်အလန် ဖလှယ်ရင်း သိစိတ်တွေကလုပ်နေကြပါတယ်။
ဥပမာ ကျွန်တော်တို့ လမ်းမှာ ခွေးတစ်ကောင် တွေ့ လိုက်တယ်။
သိစိတ်က ခွေး လို့ ပြောနေပေမဲ့ မသိစိတ်ကတော့ နောက်ကွယ်ကနေ ကွန်ပြူတာ တစ်လုံးလိုသတင်းတွေ ထုတ်ပေးနေပါတယ်။
အရောင် _ အဖြူ
နှုတ်ခမ်း _ အမဲ
ဘာလုပ်နေလဲ _ ကိုယ့် ဘက် ကို လမ်းလျှောက်လာတယ်
အကွာအဝေး _ ၁၀ ပေ အကွာ
ခွေးနဲ့ ပတ်သက် ပြီး မှတ်ဉာဏ် _ ငါ့ ညီလေး ငယ်ငယ်က ခွေးကိုက်ခံ ရတယ် ၊ အိမ်နားက အဒေါ်ကြီး ခွေးရူးပြန် ရောဂါနဲ့သေသွားတယ်။
ကိုယ့်သိစိတ်ကနေမှတ်ချက်ချမှု _ ဒီခွေး တွေက ရန်ကုန် မြို့ကြီး ကို ဖျက်ဆီး နေတယ် ။
ဒီခွေး ကို မြင်လိုက် တာနဲ့ကို စိတ်ထဲ အော်တိုဝင်လာတဲ့ သတင်းအချက်အလက်တွေ ပါ။
၁၁သန်းလောက် ရှိတဲ့ သတင်းအချက်အလက်တွေက စက္ကန့် တိုင်းမှာ ဖြစ်နေတာပါ။
(ဗုဒ္ဓဘာသာမှာတော့ စိတ်တစ်ခု ဖြစ်၊ပျက်ချိန် က ၁ စက္ကန့်ကို ကုဋေတစ်သိန်းပုံ တစ်ပုံမှာပျက်နေတယ် လို့ဆိုပါတယ်)
၁၁ သန်း လောက် ရှိတဲ့ သတင်း အချက်အလက်တွေက မသိစိတ်မှာဖြစ်သွားပေမဲ့ သိစိတ်မှာ အချက်အလက် ၄၀ လောက်သာ သိလိုက်ရတယ်။ ဒီလောက် အများကြီးကနေ ၄၀ လောက် ကိုသာ သိသိသာသာ သိနေတာ ဘာလို့လဲ။
ဘာလို့ဆို ကျွန်တော်တို့ က ရွေးပြီး မှတ်သိတဲ့ စိတ်ကြောင့်ပါ။ အာရုံစိုက်မှုပေါ့ ။
ဒီအကြောင်းကို စိတ်ပညာ ၃ မှာ Form Perception ကို ဖတ်ဖူးမယ်ဆိုရင် တော့ နားလည်မှာပါ။
ရွေးပြီးအာရုံစိုက်မှု ပြုလုပ်တာက အချိန်တိုင်းလုပ်နေပေမဲ့ တကယ်လို့ ကားမောင်းနေရင်း ဖုန်းပြောတာ ၊စာပို့တာ၊ ဖုန်းကြည့်ရင်း လမ်းလျောက်တာတွေက အန္တရာယ်များတဲ့လုပ်ရပ်တွေပါ။
ဒါတွေ ကို Inattentional Blindness လို့လဲ ခေါ်တယ် (သတိ မမူဂူမမြင်စိတ်ပေါ့)
ဒါကို စမ်းကြည့်ချင်ရင် Google မှာ Moonwalking bear တို့ The Invisible Gorilla လို့ ရိုက်ရှာပြီးကြည့် ကြည့် ပါ
Intermission
…………………………………………………………….
ကြည့်ပြီးပြီလား။ ကြည့်ပြီးသူဆိုရင်တော့ သတိမမူ ဂူမမြင်တဲ့ စိတ်အခြေအနေကို သေချာနားလည်သွားမှာပါ။
ဒါက ကျနော် တို့ နိုးကြားနေတဲ့ အချိန်တောင်မှ ဖြစ်နေတဲ့စိတ်ပါ။
အိပ်နေတဲ့ အချိန်တို့၊ အိပ်မွေ့ချထားခံရနေချိန်တွေဆို စဉ်းစား ကြည့်ပေါ့။
အိပ်နေချိန်မှာ သိစိတ် ရှိနေလား မရှိဘူးလားဆိုတာကို လေ့လာကြည့်ရအောင် ။
Mike Birbiglia ဆိုတဲ့ လူရွင်တော် တစ်ယောက် ရှိတယ်။
တစ်နေ့ သူ ဟိုတယ်မှာ အိပ်နေတုန်း သူအခန်းကို လောင်ချာနဲ့ အပစ်ခံရတယ် လို့ အိပ်မက်မက်လိုက်ရတယ်။ သူလည်း ထပြေးတာပေါ့။
ကံဆိုးစွာပဲ သူ ကအိပ်မက်ထဲတင် ထွက်ပြေးတာမဟုတ်ဘဲ အပြင်မှာပါတစ်ကယ် နှစ်ထပ်တိုက်ပေါ်က ခုန် ချ ခဲ့တာ ပါ။ ၃၃ ချက် ချုပ် လိုက်ရတယ်။
အခုတော့ သူအိပ်ရင် သူ့အတွက် သီးသန့် ဖန်တီးထားတဲ့ အိတ်ကြီးထဲ ဝင်အိပ်နေရတယ် ။
ဒီမှာ ကျွန်တော်တို့ သိလိုက်ရတာက အိပ်နေတဲ့ အချိန်မှာလည်း ကျနော်တို့က သိနေတယ်ဆိုတာပါပဲ ။
အိပ်တယ်ဆိုတာ ကျွန်တော်တို့ တစ်နေ့တာ လေ့လာသင်ယူထားတဲ့ မှတ်ဉာဏ်တွေကို ဦးနှောက်ကပြန်လည် နေရာချထားရေးတွေ လုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အိပ်တာကို REM Stage တွေနဲ့ လေ့လာကြပါတယ်။
ဒါကို တော့ ကျနော်တို့ Armond Aserinsky လေးကို Credit ပေးရပါမယ်။
Chicago မြို့ ၊1950s ခုနှစ်လောက်က ညတစ်ည မှာ Armond ရဲ့ ဖခင်က သူရဲ့ ၈ နှစ်သားလေးကို လျှပ်စစ်ဝိုင်ယာကြိုးလေးတွေ တပ်ဆင်ပြီး အိပ်စေခဲ့တယ်။
သူ့အဖေ Eugene Aserinsky က EEG ကိုလေ့လာနေသူဆိုတော့ သူ့သားငယ်လေးနဲ့ စမ်းသပ်ခဲ့တယ်။
ဒီမှာ သူတွေ့လိုက်ရတာက အိပ်နေချိန်မှာလည်း ကျွန်တော်တို့ ဦးနှောက်က ငြိမ်ကျ မသွားဘဲ ပုံမှန်ပဲ အလုပ်လုပ်နေတာကို တွေ့လိုက်ရတယ်။
ကျွန်တော်တို့ နေ့အချိန်မှာ နိုးကြားနေအောင် ကျောက်ကပ်ကနေ Cortisol ဆိုတဲ့ ဟော်မုန်းတွေကို ထုတ်ပေး နေပါတယ်။
Melatonin ဟော်မုန်းကို ဦးနှောက်က ထုတ်ပေးလိုက်ချိန်မှာတော့ ဦးနှောက်က ပိုပြီးအေးဆေး ငြိမ်သွားပါတယ်။
အိပ်ချင်သွားတယ်ပေါ့ ။
ဒီအချိန် EEG စက်က တိုင်းလိုက်ရင် Alpha wave ဆိုပြီး မှတ်ယူထားတဲ့ လှိုင်းတွေပုံစံ ဦးနှောက်က အလုပ်လုပ်နေပါတယ်။
အသက်ရူရတာ နှေး လာမယ် ။ ဖြည်းဖြည်းချင်း အိပ်ပျော်သွားလိမ့်မယ်။
Non-rapid eyes movement _ NREM 1 အဆင့်ကို ရောက်ပါပြီ။
ဒီအဆင့်မှာ အကြောတွေ ရုတ်တရက် လှုပ်ရှားသွားတာ၊ အမြင့်တစ်ခုခု ပေါ်က နေ ပြုတ်ကျလာတာမျိုး ခံစား ရပါလိမ့်မယ်။
နောက်တစ်ဆင့် NREM 2 ကို ရောက်မယ်။ ဒါပေမယ့် ဒီအဆင့်မှာလည်း လွယ်လွယ်ကူကူ ပြန်နိုး လာနိုင်ပါတယ် ။
NREM 3 အဆင့်မှာတော့ ဦးနှောက်လှိုင်းတွေက ပိုနှေးလာပါပြီ။
ပထမ အဆင့် နှစ်ဆင့် လုံးမှာ အိပ်မက်မက်တာတွေက ကောင်းတာလေးတွေပဲ ဖြစ်တတ်ပါတယ်။ ဦးနှောက် လှိုင်းတွေကလည်း တစ်ဆင့် နဲ့ တစ်ဆင့် မတူကြဘူး။
တတိယ အဆင့်မှာတော့ အိပ်မက်တွေက မကောင်းတော့ပါဘူး။ နှလုံးခုန်မြန်တာတွေ မောလာတာတွေ ဖြစ်ပါ တယ်။
စတုတ္ထအဆင့်မှာတော့ ဦးနှောက်ထဲမှာ Motor cortex က လုံးဝလှုပ် ရှားနေပါတယ်။
ထူးဆန်းတာက Brainstem က ပိတ်ထားတယ်။ ခန္ဓာကိုယ် တစ်ခုလုံး လှုပ်မရတော့ပါဘူး။
မျက်လုံးတွေကလွဲလို့ ပေါ့ ။
ဒီ အဆင့် ကို Rapid Eyes Movement _ REM အဆင့်လို့ ခေါ်တယ်။ ဒီအဆင့်မှာ ကျွန်တော်တို့ အိပ်မက်ဆိုး မက်တာတွေ ဖြစ်တယ်။ ဒီအဆင့်မှာမက်တဲ့ အိပ်မက်တွေက ပုံရိပ်တွေကိုပါ မြင်ရပါတယ်။
လူရွင်တော် Mike ကတော့ Motor Cortex က အလုပ်လုပ်နေတာကို Brainstem ကမတားနိုင်တာကြောင့် အိပ်နေရင်းလည်း ထပြေးတာတွေ ဖြစ်သွားတာပေါ့။ အိပ်ရင်း လမ်းလျောက်သူတွေလည်း ဒါ့ကြောင့်ပါ။
ဒီအဆင့်လေးဆင့် က မိနစ် ၉၀ တိုင်းမှာ တကြိမ်စီ လှည့်ပတ်နေပါတယ်။ အိပ်ရေးမဝရင်တော့ လူက ဝ လာတာ၊ စိတ်ကျရောဂါ ဖြစ်လာတာတွေလည်း ဖြစ်နိုင်ပါတယ်။
Sleep Apnea ရောဂါ ကိုကြုံ ဖူးကြလား မသိဘူး။ လူက အိပ်နေရင်း ရုတ်တရက် အသက်ရူတာ ရပ်သွားတာ မျိုးလေ။ ဟိုတလောက Group တစ်ခုမှာ တွေ့လိုက်ရလို့။
ဒီရောဂါကိုတော့ လူတော်တော်များများ က PAP Therapy (Positive Air Pressure) ကုသနည်းနဲ့ ကုကြပါတယ်။ လေဝင် လေထွက်ကောင်းအောင် အသုံးပြုတဲ့ ပစ္စည်းတပ်ပြီး အိပ်ရတာပေါ့။
ဆိုတော့ အိပ်ချိန်မှာလည်း သိစိတ်ကရှိတယ်နေတယ် ဆိုတာ သဘောပေါက်လောက်ပြီထင်ပါတယ် ။
နိုးကြား တစ်ဝက်၊ အိပ်စက် တစ်ဝက်စိတ် အခြေအနေ ၊ အိပ်မွေ့ချ ခံထားရတာ ကိုလေ့လာကြည့်ရအောင်။
(အိပ်မွေ့ချတယ်ဆိုတာ တကယ် ပါ၊ ရုပ်ရှင်တွေထဲက အတုတွေမဟုတ်ပါဘူး)
ဒီ နိုးကြား တစ်ဝက်၊ အိပ်စက် တစ်ဝက် စိတ်အခြေအနေ အိပ်မွေ့ချခံရတဲ့ အချိန်မှာလူက တစ်ခုခု အပေါ်အာရုံစိုက်မှုက ပိုပြင်းပြင်းထန်ထန် ရှိနေပါတယ်။
အဓိပ္ပါယ်ကတော့ ဘေးက ပြောနေတာတွေကို လိုက်လုပ်ဖို့ ဆန္ဒအပြည့်အဝ ဖြစ်နေတာပေါ့။
လူတော်တော်များများမှာ ၁၂ ရာခိုင်နှုန်းလောက်ကပဲ အိပ်မွေ့ချခံရတာလွယ်ပါတယ်။ ကျန်တဲ့လူတွေကတော့ ခက်ပါတယ်။
အိပ်မွေ့ချ ခံထားရလည်း ကျွန်တော်တို့က တခြားလူ တစ်ယောက်အဖြစ် ပြောင်းမသွားပါဘူး။ လူသတ်ခိုင်းလို့ မရပါဘူး (မူလ သတ်ချင် စိတ်ရှိနေသူဆိုရင်တော့ ရပါတယ်)
ဒီအိပ်မွေ့ချခံရတဲ့ စိတ်အခြေအနေ ဆိုတာက ခုထိ တိကျတဲ့လေ့လာမှု မပြုနိုင်သေးတော့ သီအိုရီတွေထုတ်ပြီး ခန့်မှန်း နေကြပါတယ်။
အပေါ်မှာ ပြောခဲ့တဲ့သိစိတ် က Dual-processing လုပ်နေတယ် ဆိုတာ ကို မှတ်မိမယ်ထင်ပါတယ်။
သိစိတ်နဲ့ မသိစိတ် သတင်းတွေ အပြန်အလှန် ဖလှယ်ရင်းလုပ်နေကြတယ်။
ဒီ အိပ်မွေ့ချခံထားရချိန်မှာတော့ သိစိတ် နဲ့ မသိစိတ်က ခွဲထွက် သွားတယ်လို့ သီအိုရီက ဆိုပါတယ် ။
အိပ်မွေ့ချခံရပြီး “ကိုကြီးကျော်လို ကနေတာ“ သိပေမဲ့ ဘာကြောင့်က နေမှန်း မသိတာမျိုးပေါ့ ။
ဒါကို Dissociation လို့ခေါ်တယ်။
Dissociation က ကျွန်တော်တို့ ရုတ်တရက် အန္တရာယ်ကျ ရောက်နိုင်ချေရှိလာတဲ့ အခါ သိစိတ်ကဘာမှ မလုပ်နိုင်ခင် သူက ကိုယ့်ကိုကိုယ် ကာကွယ်မှု ပြုနိုင်ပါတယ်။
လူတွေ အကုန်လုံး က Dissociation ရှိနေတော့ အိပ်မွေ့ချ ပညာရှင်တွေက ဒါကို အသုံးချပြီး ဆေးကုပေးတာ ၊ နာကျင်မှုတွေကိုပျောက်အောင် လုပ်ပေးတာ ၊ တချို့ဆို ဆေးလိပ်ဖြတ်ပေးတာ စသဖြင့် လုပ်ပေးကြပါတယ်။
တချို့က ထိရောက်သလို တချို့က တော့ မပြောင်းလဲပါဘူး ။
နောက်တစ်ခု က မူးယစ်ဆေးတွေကြောင့် သိစိတ်တစ်ဝက်၊ မသိစိတ် တစ်ဝက်ဖြစ်နေတာတွေ ရှိပါတယ်။
ဒီဆေးတွေကတော့ ဦးနှောက်ထဲ က နူရွန် တွေ ကို တိုက်ရိုက် ဒုက္ခသွားပေးတာပါ။
နူရွန် တွေ ကို တူညီတယ်လို့ ထင်ရအောင် လုပ်ပေးတာ
နူရွန်အတု ပုံစံ လုပ်ပြတယ် ။
ဒါပေမယ့် ဒီဆေးတွေက တစ်ယောက် နဲ့ တစ်ယောက်အပေါ် သက်ရောက်ပုံချင်း မတူကြဘူး။
ဥပမာ tequila သောက်ရင် ရန်ဖြစ်ချင်တယ်လို့ ထင်နေရင် Tequila ဆန်ဆန် တခြားအရက်ကို ပုံစံတူလေး လုပ်ပေးလိုက်ရင် တကယ်ထရန် ဖြစ်မှာပါ ။
ဆေးခြောက်သောက်ရင် လေပေါ် မြောက်နေတယ်လို့ ခံစားရတဲ့လူရှိသလို
ရေထဲရောက်နေတယ် လို့ ခံစားရသူ တွေလည်း ရှိပါတယ် ။
ဒီဆေးတွေကို အမျိုးအစားသုံးမျိုးထဲ ကို ထည့် ပြီးလေ့လာပါတယ် ။
Depressants အရက် ၊Tranquilizers (စိတ်ငြိမ်ဆေး)၊ ဘိန်းဖြူ
နူရွန်လှုပ်ရှားနေမှုကိုနှေး သွားစေတယ် ။
Stimulants (နူရွန်တွေပို လှုပ်ရှားစေတယ်)
Caffeine , nicotine, amphetamines
Hallucinogens (sensory images တွေကို ဖြစ်စေတယ်၊ မမြင် ရတာကို မြင်နေသယောင် ၊ ကြားနေသယောင် ဖြစ်စေတာပါ)
မူးယစ်ဆေးတွေနဲ့ ပတ်သက်လို့ မရင်းနှီးတော့ ဘာတွေ ဘယ်လို ဖြစ်စေလဲသေချာတော့ မသိဘူး။ စာထဲပါတာ လေးပဲ ရေးပေးလိုက်ပါတယ်
နောက် အပိုင်းမှာတော့ “ကလေးဖြစ်ရတာ ဘယ်လို စိတ်ရှိမလဲ” ဆိုတာကို ဆက်ရေးပါမယ် ။

Comments